လွိုင်ကော် သြဂုတ် ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကယန်းသာယာဓာတ်အားခွဲရုံ ပြုပြင်ပြီးစီးမှုအခြေအနေများ၊ ပဒါးညေးကန်ရေသွယ်မြောင်း ပြုပြင်တည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယန်းသာယာဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားခွဲရုံထိန်းချုပ်စက်ခန်းအတွင်း စက်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် စက်များစမ်းသပ်မောင်းနှင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ဓာတ်အားခွဲရုံမှ လွိုင်ကော်စက်မှုဇုန်၊ လွိုင်လင်လေးမြို့၊ ကုန်သားကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရန် ဆောင်ရွက်ထားရှိမှုနှင့် စက်များစမ်းသပ်မောင်းနှင်မှုနေမှုတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် Switch Yard ဧရိယာအတွင်း ထရန်စဖော်မာများနှင့် ဓာတ်အားပေးစက်များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဓာတ်အားထုတ်လွှတ်ကြိုးများ သွယ်တန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နွားလဝိုးရွာမကျေးရွာ၊ နွားလဝိုးဆည်မှ ရေပိုများအား ပဒါးညေးကျေးရွာ ရေစုကန်သို့ ပို့လွှတ်ဆက်သွယ်သည့် မြေသားမြောင်း ၆၈၀ ပေအား ကွန်ကရစ်ရေမြောင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အဆိုပါ ရေသွယ်မြောင်းဆောင်ရွက်ပြီးစီးပါက ပဒါးညေးကျေးရွာရှိ လယ်မြေဧက(၁၀၀)အတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်သည်။
ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးဦးစီးဌာနရုံး အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ရုံးဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ရုံး လေးခန်းတွဲနှစ်ထပ်ဝန်ထမ်းအိမ်ရာ အဆောက်အအုံများနှင့် ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး နေအိမ်အမိုးနှင့် မျက်နှာကြက်များ ပြန်လည်ပြုပြင်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့သွားရောက်ပြီး ပြတိုက်အတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများနှင့် တူရိယာများ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုများအားလည်းကောင်း၊ စာကြည့်တိုက်အတွင်း ပညာရပ်အလိုက် ပြုစုထားရှိသည့် စာအုပ်စာစောင်များနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ခင်းကျင်းထားမှုနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်သို့ အများပြည်သူများနှင့် ခရီးသွားဧည့်သည်များ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် တိုင်းရင်းသားများ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများနှင့် ပြည်နယ်၏အထင်ကရ သမိုင်းဝင်မှတ်တမ်းများ၊ ဓာတ်ပုံများ၊ အချက်အလက်များအား စုံလင်စွာ ခင်းကျင်းပြသနိုင်ရေးဆောင်ရွက်ရန်နှင့် သုတရသစာအုပ်စာစောင်များ ပြည့်စုံအောင် ဖြည့်တင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)