ကန့်ဘလူ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီသင်တန်းကိုဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ အမျိုးသမီးများအနေနဲ့ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးနဲ့စီးပွားရေးနယ်ပယ်တွေမှာသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွေမှာလည်း အသိပညာဗဟုသုတ တိုးပွားလာစေရန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဥ်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းကောင်းမွန်တဲ့ ကမ္ဘာမြေကို မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းနိုင်သော အမွေအနှစ်များပေးစွမ်းနိုင်စေရန် အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီညီစိုးက ပြောသည်။
အဆိုပါသင်တန်းသို့ ခရိုင်ဌာနဆိုင်ရာရုံးများမှ အမျိုးသမီးဝန်ထမ်း သင်တန်းသား ၁၆ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သုံးရက်တာ(ဩဂုတ် ၁၉ မှ ၂၁ ထိ)တွင် ခရိုင်တာဝန်ခံနှင့် ဒုတိယဦးစီးမှူးများက အမျိုးသမီးနှင့်အိမ်တွင်းလေထုညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရာသီဥတုနှင့်လိုက် လျောညီထွေနေထိုင်ခြင်း၊ ရေချွေတာသုံးစွဲရေးနှင့် ပလပ်စတစ်လျှော့ချသုံးစွဲခြင်းအကြောင်းစသည့်တို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ဆန်းစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)