ဖျာပုံ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်မင်းယုက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် “လူငယ်စကားဝိုင်း”ကိုကျင်းပရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က moderator အဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၁) Grade-11 မှ မောင်အောင်ကောင်းစံက “မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်” ၊ မမေသင်္ကြန်စိုးက “ကျောင်းသားနှင့်အားကစား”၊ Grade(10)မှမောင်ဟိန်းသစ္စာက “ကျောင်းသားနှင့် ကိုယ်ကျင့်တရား”၊ မဟန်သူသူထွန်းက “ကျောင်းသားနှင့်စာအုပ်စာပေ”စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဦးဆောင်ဆွေးနွေးကြပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာ နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်