ခန္တီး ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်းစာအုပ်မှ လူငယ်နှင့်တာဝန်သိမှု ခေါင်းစဉ်ဖြင့် ဦးဆောင်နွေးဆွေးခဲ့ပြီး မအက်စတာဇူးက လူငယ်နှင့်အလှအပ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇွဲပြည့်ဦးက လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)