မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရဲ့အုန်းပင်စုကျေးရွာ အုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လပွတ္တာခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အတွင်းရေးမှူး ဦးသိန်းဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် မိုးစပါး၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲ အခမ်းအနားအဖြစ် ကျင်းပသော မရဲ့အုန်းပင်စုကျေးရွာရှိ ကွင်းအမှတ်-၁၁၈၅/ခ၊ ဦးပိုင်အမှတ်-၁၀/၁၊ တောင်သူ ဦးတင်အောင်သန်း၏ လယ်ဧရိယာ(၂.၅)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧကတွင် အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုးမှုများအား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ် မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က တက်ရောက်လာကြသော တောင်သူများအား ယူရီယားဓာတ်မြေဩဇာများပေးအပ်ခဲ့ပြီး တောင်သူများအားလုံးကိုယ်စား တောင်သူ ဦးတင်အောင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ရဲကိုမောင်(ပြန်/ဆက်)