အိမ်မဲ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စျေးကွက်တွင် ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA) မှာ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန် ရှိသူများ ပူးပေါင်း၍ အိမ်သုံးဆေးအရောင်းဆိုင်များတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့်ဆေးဝါးများ ဝယ်ယူတင်သွင်းခြင်း ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်