ကျွန်းလှ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး အခြားသီးပင်၊ စားပင်များစိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ထိုင်ဝမ်ဖူးပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်းလှမြို့နယ် ချောင်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ချေးရေတင်စနစ်နဲ့ သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ထိုင်ဝမ်ပြောင်းကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးရာသီမှာ ထိုင်ဝမ်ပြောင်း နို့ဆီဘူး သုံးဘူးစိုက်ပျိုးထားပြီး အခုအခါ ပြောင်းဘူးများ ချိုးယူရောင်းချနေရပြီ ဖြစ်ပါတယ်။ အရင်က ပြောင်းဖူးတစ်ဖူကို ငွေကျပ် ၄၀၀ မှ ၅၀၀ ရောင်းရသော်လည်း အခုအခါ ပြောင်းဖူးသေးရင်ငွေကျပ် ၆၀၀၊ ကြီးရင် ငွေကျပ် ၇၀၀ ရောင်းရ၍ အကျိုးအမြတ်ရရှိပါတယ်။ ပြောင်းရိုးကိုလည်း ကျွဲ၊ နွားစာအဖြစ် အသုံးပြုရတဲ့အတွက် လမယ့်ဆောင်းရာသီမှာ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်”ဟု ရှမ်းစုကျေးရွာ ထိုင်ဝမ်ပြောင်း စိုက်တောင်သူ ဦးတင်အေးက ပြောသည်။
အဆိုပါထွက်သည့် ပြောင်းဖူးများအား မြို့ပေါ်ဈေးများတွင် ပြန်လည်ရောင်းချသည့် ဈေးသည်များ၊ နီးစပ်ရာ မြို့များနှင့်ကျေးရွာများမှ ပြောင်းစိုက်ခင်းအထိ လာရောက်ဝယ်ယူ ကြကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ