ကျွန်းစု ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော နေရာဒေသ (စံပြကျေးရွာ)ဆုပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲခေါင်က စံပြကျေးရွာဆုသည် ပတ်ဝန်းကျင်သန့်ရှင်းသာယာမှု၊ ကျေးရွာဖွံ့ဖြိုးမှု၊ ကျေးရွာနေ ပြည်သူများ ပူးပေါင်းပါဝင်မှု ကောင်းမွန်သည့်အတွက် ကပကျေးရွာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော နေရာဒေသ (စံပြကျေးရွာ) ဆုအား တာဝန်ရှိသူထံ ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာနေဒေသခံများက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စသည် ကိစ္စရပ်များအတွက် ဆက်သွယ်ရေးရရှိမှု အားနည်းနေလျက်ရှိပြီး ပရည်ကျွန်းကျေးရွာ၊ ကတ္တလူကျေးရွာတို့၌ တာဝါတိုင်ရှိပြီး အဆိုပါတာဝါတိုင်များမှ ဆက်သွယ်ရေးလိုင်းများရရှိမှု အားနည်းလျက်ရှိရာ ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စွာရရှိအောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဝိုင်းဝန်းတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးရဲခေါင်က သက်ဆိုင်သည့် ဌာနများနှင့် တာဝန်ရှိသူများထံ ပြန်လည်တင်ပြပေးသွားဖြစ်ကြောင်း ဆွေးနွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)