ဘားအံ ဩဂုတ် ၁၉
ကရင်ပြည်နယ်အတွင်းရှိ သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀(ငါးသိန်းနှစ်သောင်း)ကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာ လှာကဒေါင်အင်းအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။
ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးအတွက် မြစ်ချောင်းအင်းအိုင်ဆည်တမံ သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးကောင်ရေ ၆၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၆၀၀၀၀ စုစုပေါင်းကောင်ရေ ၁၂၀၀၀၀ ကို လှာကဒေါင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးစိုက်ထည့်ပွဲ(၅)ကြိမ်ဖြင့် ငါးကောင်ရေ ၄၁၀၀၀၀ ကို သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး ထိုသို့စိုက်ထည့်ပေးလိုက်သော ငါးမျိုးများသည် သဘာဝရေပြင်ဆက်စပ်ရေပြင်များတွင် ရှင်သန်ပေါက်ပွားကြီးထွား၍ ဒေသခံတိုင်းရင်းသားပြည်သူများအလွယ်တကူ ဖမ်းယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာအနီးရှိ မဟာဆဒ္ဒန်လိုဏ်ဂူတော် သဘာဝခရီးစဉ်ဒေသအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆဒ္ဒန်ဂူဆရာတော်ဘဒ္ဒန္တဓမ္မပီယနှင့် တိုက်အုပ်ဆရာတော်များဖြစ်သော ဘဒ္ဒန္တန္ဒမာလာနှင့် ဘဒ္ဒန္တဓမ္မသီရိတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဆဒ္ဒန်လိုဏ်ဂူတော် သဘာဝခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ရှေးဟောင်းသမိုင်းဝင်မဟာဆဒ္ဒန်လိုဏ်ဂူတော်သို့ ပြည်တွင်း၊ ပြည်ပဘုရားဖူးခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာလာရောက်လေ့လာလည် ပတ်ဖူးမြော်နိုင်ရေး၊ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရှိစေရေး၊ အများသုံး သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိစေရေးကြည့်ရှုစစ်ဆေးကာ ဂူအတွင်းရှိ လျောင်းတော် မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်သော ခရီးစဉ်ဒေသတစ်ခုအဖြစ် ရေရှည်တည်တံ့နေစေရေးနှင့် သဘာဝကိုထိခိုက်မှုမရှိစေဘဲ လိုဏ်ဂူတော်အားထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆဒ္ဒန်ဂူတည်ရှိရာ ဇွဲကပင်တောင်တန်း၏ တောင် ဘက်အစွန်ဆုံး ဆင်ဟိုင်းတောင်အားပတ်၍ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန်အိုင်ဟုတင်စားခေါ်ဝေါ်ကြသော ဘေးမဲ့ရေအိုင်သို့ သဘာဝရေလျှံကွင်းအားဖြတ်သန်းကာ အပျော်စီးစက် တပ်လှေငယ်များစီး၍ စိမ်းစိုသာယာလှပသော သဘာဝအလှအပများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)