ထားဝယ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် BBWI & MCPC Co. ,Ltd တို့အကြား ချုပ်ဆိုသည့် မြိတ်မြို့ရေပေးဝေရေး စီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.T)လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်ပုဂ္ဂိုလ်ကို မြေဧရိယာ ၃၁၈ ဒသမ ၀၆ ဧကကို စီမံကိန်းမြေအဖြစ် အတည်ပြုသတ်မှတ်ပေးပြီး မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့်အစိုးရ သဘောတူညီမှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့အကြားချုပ်ဆိုသည့် မြိတ်မြို့ရေပေးဝေရေး စီမံကိန်း (B.O.T) စာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ BBWI & MCPC Co.,Ltd နှင့်မြိတ်အများပိုင်တို့က နိုင်ငံခြားရင်းနှီး မြှပ်နှံမှုဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့် ပတ်သက်၍ မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသော စီမံကိန်းဖြစ်ပြီး ဆောင်ရွက်သည့် နေရာတွင် သတ်မှတ်ထားသောကာလ၌ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မြိတ်မြို့ရေပေးဝေရေး စီမံကိန်းလုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် အခက်အခဲမရှိစေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေသုံးစွဲသူများကို သက်သာစွာသုံးစွဲနိုင်ရေးအတွက် အဓိကထားထည့်သွင်းပြီးဆောင်ရွက်ပေးစေလိုကြောင်း၊ ရေပေးဝေရေးစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ပြီးပါက မြိတ်မြို့တွင်နေထိုင်သော ပြည်သူများအတွက်ဈေးနှုန်း သက်သာစွာဖြင့် ရေကောင်းရေသန့်နှင့်သောက်သုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စီမံကိန်းဖြစ်သောကြောင့် မြိတ်မြို့ပြည်သူများကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုဆိုထောက်ခံကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး BBWI & MCPC Co.,Ltd မန်နေဂျင်းဒါရိုက်တာ Mr.Kanapord နှင့် BBWI & MCPC Co.,Ltd ဒါရိုက်တာ ဦးလှသန်းတို့က ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltdတို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း ခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)ကို လက်မှတ်ရေးထိုး ကြပြီး BBWI & MCPC Co.,Ltd အကြံပေး Mr Weera က ကျေးဇူးတင်စကားပြောကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)