မင်းလှမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

မင်းလှ ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ချို့တဲ့မိခင်များအား အသိပညာပေးဟောပြောခြင်းနှင့် အာဟာရ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ၊ ကာကွယ်နိုင်သောရောဂါဖြစ်သဖြင့် အသက် (၉) နှစ်မှ (၁၂)နှစ်အရွယ် အမျိုးသမီးငယ်များမှ ကာကွယ်ဆေးထိုးထားသင့်ကြောင်း၊ ရောဂါဖြစ်ကာစ အစောပိုင်းလက္ခဏာများ၊ ရောဂါရင့်ချိန်မှ တွေ့ရှိရသော လက္ခဏာများ အစရှိသော သားအိမ်ခေါင်းကင်ဆာဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ သည်။   ထို့နောက် ကိုယ်ဝန်ဆောင်မိခင် (၂၀)ဦး၊ နို့တိုက်မိခင် (၁၅)ဦးနှင့် ချို့တဲ့မိခင် (၁၅) ဦးတို့အား (၁) ဦးလျှင် ဆန် (၁) ပြည်၊ ဆီ (၅၀) သား၊ အိုင်အိုဒင်းဆား (၁) ထုပ်နှင့် ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)