ကန့်ဘလူ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းမြင့်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်ထိုက်ထိုက်နိုင်ရည်က အာဟာရဖွံ့ဖြိုးရေး အစာအုပ်စု(၃)အုပ်စုနှင့် စနစ်တကျသွားတိုက်နည်းစနစ်များကိုလည်းကောင်း၊ ငှက်ဖျားတိုက်ဖျက်ရေးဌာန ဆရာဦးစံဝင်းက ခြင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းတို့ကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ထို့နောက် KG ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ သွားနှင့်ခံတွင်း သန့်ရှင်းရေးနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ၊ KG တန်းမှ G-12 ကျောင်းသားကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင် ကျောင်းသူများကို သံဓာတ်အားဆေးများတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း