အုတ်တွင်း သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စာရေးဆရာ အောင်သင်းရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဘုန်းမြင့်ကိုက “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ပါအကြောင်းအရာထဲမှ “မိမိရဲ့ ရည်မှန်းချက်အောင်မြင်ပြီးမြောက်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ လုပ်ဆောင်ရတာတွေ ကိုယ့်ယုံကြည်ချက် ခံယူချက်သဘောတရားတွေနဲ့ မကိုက်ညီတဲ့အခါ အဲဒီသဘောတရားတွေက သွေဖည်ပြီး လုပ်ဆောင်သင့်သလား ခံယူချက်သဘောတရားကို ပြောင်းလဲသင့်သလား” စသည့်အကြောင်းအရာပါ ခေါင်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)