သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့”အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

သရက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေး မြှင့်တင်စို့” အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ထောက်ကျန်းမာရေးမှူး ဦးမင်းနိုင်နှင့် သားဖွားဆရာမ ဒေါ်ဇင်မွန်သက်၊ ဒေါ်မြင့်မြင့်ဝေတို့က ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး လိုအပ်သည့် ဆေးဝါးများ ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)