လွိုင်ကော် သြဂုတ် ၁၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ထေးသမရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း ပြုပြင်နေမှု၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကြီးများအိမ်ရာများ ပြုပြင်နေမှု၊ ပြည်နယ်ရေကူးကန်နှင့် အားကစားရုံ၊ အားကစားကွင်းများ ပြန်လည်ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထေးသမရပ်ကွက်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း ပင်မနှစ်ထပ်စာသင်ဆောင် ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်ရန်နှင့်ပြီးစီးပါက ကျောင်းပြန်လည်ဖွင့်လှစ်ရန်နှင့် လိုအပ်သည့် ကျောင်းသုံးရုံးသုံးပရိဘောဂများ ပြည့်စုံစွာစီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ မင်းစုရပ်ကွက် ပြည်နယ်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကြီးများအိမ်ရာ လေးခန်းတွဲလေးထပ်နှင့် လေးခန်းတွဲနှစ်ထပ်အိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းများပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျပြန်လည်နေရာချထားပေးရန်နှင့် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒေါဥခူရပ်ကွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိပြီး ပြည်နယ်အမျိုးသားရေကူးကန်၊ ရေသန့်စင်စက်များ၊ ရေချိုးသန့်စင်ခန်းအဆောက်အအုံများ ရာနှုန်းပြည့်ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်က ရေကူးကန်နှင့် ရေသန့်စင်စက်များ ရေရှည်ကောင်းမွန်စေရေး စနစ်တကျတာဝန်ပေးထိန်းသိမ်းရန်၊ ရေကူးကန်ကို အများပြည်သူများ စနစ်တကျအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ကိုယ်ကာယလေ့ကျင့်ရေး GYM အားကစားခန်းမအတွင်း လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ နေ့စဉ်လာရောက်လေ့ကျင့်ကစားနိုင်ရေး စနစ်တကျစီမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဘောလုံးကွင်းသို့ရောက်ရှိပြီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲများနှင့် ဘောလုံးပြိုင်ပွဲများကျင်းပနိုင်ရေး လိုအပ်ချက်များကို တာဝန်ရှိသူများကတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် နမ့်ကွတ်ရပ်ကွက်၊ နမ့်ကွတ်ရေစီးကွေ့နေရာတွင် ဘီလူးချောင်းရေကြီးမြင့်တက်မှုမှ ကာကွယ်နိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး လူအင်အား၊ စက်ယန္တရားများဖြင့် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနတို့က ချောင်းကမ်းပါးတစ်လျှောက် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းဆယ်ယူခြင်း၊ ကျွန်းမွှားများဖယ်ရှားခြင်းနှင့် သဲသောင်ဖြစ်ပေါ်နိုင်သည့်နေရာများ ဆယ်ယူခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှုများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)