ပုလော ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ ရက် နံနက် ၁၀နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) မဲပေးစက်များကို ကိုင်တွယ် အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် အခမ်းအနားကို တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တွင် လက်တွေ့သရုပ်ပ စမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များ ထုတ်ယူကြည့်ရှု စစ်ဆေးခြင်းများကို သရုပ်ပြသကြောင်း သိရသည်။
ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စက်သင်တန်းကို သင်တန်းသူ /သင်တန်းသား ၇၅ ဦးဖြင့် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက် အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)