ပွင့်ဖြူမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပွင့်ဖြူ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်လူစည်ကားရာဈေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စာသင်ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာပေးလက်ကမ်းစာစောင်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် သတိပြုဆောင်ရွက်ရန်အချက်များပါဝင်ပြီး ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျ/ ကျိုးကျနေခြင်း၊ မိုးဒဏ်၊ လေဒဏ်ကြောင့်ဓာတ်တိုင်များယိုင်လဲခြင်း၊ ထရန်စဖော်မာခြံဝင်များအတွင်းသို့ တာဝန်ရှိသူမဟုတ်ဘဲဝင်ရောက်ခြင်း၊ ကလေးများဝင်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ်ကျွမ်းကျင်မှုလက်မှတ်မရှိဘဲ ဓာတ်အားလိုင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ အိမ်တွင်းလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြုပြင်ခြင်းများစသည့် လျှပ်စစ်အန္တရာယ်ကျရောက်နိုင်သော အချက်များတွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ရုံးများသို့ အမြန်ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ထားသည့်အပြင် ရုံးဆင်းအိမ်ပြန်လျှင် ရုံးခန်းမီးခလုတ်များပိတ်ခြင်း၊ မီးပလပ်များ ဖြုတ်ခဲ့ရန် စသည့် သတိပေးချက်များပါဝင်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ ၃၀၀ ကို မြို့ပေါ်လူစည်ကားရာဈေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)