မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း‌ဖွင့်လှစ်

မြိတ်  ဩဂုတ်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မကြာမီကျင်းပမည့် ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန်၊ မဲပေးစက်တပ်ဆင်ခြင်း၊ ထိန်းချုပ်စက်ကိုင်တွယ်ခြင်းနည်းလမ်းများကို ကျွမ်းကျင်စွာ တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦး က အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲ အရာရှိ ဒေါ်ချိုချိုရီက သင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ပို့ချသည်။ သင်တန်းကို သင်တန်းသား(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်စစ်ဆေးခြင်း၊ မဲပေးချိန်တွင် ထိန်းချုပ်စက်ကိုင်တွယ်ခြင်း၊ မဲရေတွက်ချိန်တွင် ထိန်းချုပ်စက်ကိုင်တွယ်ခြင်းနှင့် မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းစဉ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

မြိတ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့်မဲရုံ(၆၈)ရုံရှိပြီး မဲရုံများ၌ တာဝန်ယူဆောင်ရွက်ကြမည့်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းများ သင်တန်း(၄)ကြိမ်ခွဲ၍ စုစုပေါင်း သင်တန်းသား(၅၈၀)ဦးကို ဩဂုတ်(၁၈)ရက်မှ(၂၅)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)