မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

အထက်မင်းလှ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေအား ကျေးရွာအုပ်စု(၄၀)အုပ်စုမှ တောင်သူ(၃၀၀၀)ဦးအား ကျပ်(၂၁၀၀၀)သိန်း ထုတ်ချေးရန်လျာထားပြီး တောင်သူများပိုင်ဆိုင်ထားသော (ပုံစံ-၇)မူရင်းများကို ဘဏ်အပေါင် အဖြစ်ထားရှိကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။

လက်ရှိတွင် မိုးသီးနှံထုတ်ချေးခြင်းကို ၂၀၂၅ ခုနှစ် မေလမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ဩဂုတ်လ (၁၈) ရက်နေ့တွင် ကျေးရွာအုပ်စု(၃)အုပ်စုမှ တောင်သူ(၁၄၃)ဦးအား မိုးသီးနှံ ထုတ်ချေးငွေကျပ်(၉၆,၀၀၀,၀၀၀/-) ထပ်မံ၍ထုတ်ချေးပေးနိုင်ခဲ့သည်။ မိုးသီးနှံထုတ်ချေးသည့် ကာလကို ၂၀၂၅ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)