ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နိမ်နင်းရေး ​ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့(CPU)ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းက လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်မြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးကိစ္စရပ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးရှောလမုန်မောင်းကွီးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တရားသူကြီး ဦးမင်းခန့်ဇေယျာလွင်က အဂတိလိုက်စားမှုနှင့်ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)