သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်

သရက်ချောင်း ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ကိုင်ကွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအက သရက်ချောင်းမြို့(အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက   လာမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းမှကျွမ်းကျင်နည်းပညာရှင်များပူးပေါင်း၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် မြန်မာအီလက်ထရောနစ်ဒီဇိုင်းပုံစံကို တီထွင်ထားသော မဲပေးစက်ဖြစ်ကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်းမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့်တရားမျှတပြီးသိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း ၊ ပါတီစုံဒီမိုကရေစီ အထွေထွေေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်မှတ်ယူ၍ မိမိလက်ထက်မှာကျင်းပသည့်ရွေးကောက်ပွဲသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က မဲပေးစက်အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲနေ့တွင်ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်သင်တန်း‌ကို မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား ဩဂုတ် ၁၈ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း  သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)