မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရုံးတောကျေးရွာအတွင်းရှိ ပြည်သူ (၆၀၀) ခန့်အား ဆေးကုသပေး

အိမ်မဲ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရုံးတောကျေးရွာ အ-ထ-က (ခွဲ) ရုံးတော ကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများကကွင်းဆင်း၍ ရုံးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီအချိန်က စတင်ကာကုသပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆေးကုသပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီးဦးဆောင်၍ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူး ကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာ ဝန်နှင့် နှား/နှာခေါင်း/လည်းချောင်း အထူးကုဆရာဝန်တို့ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့သည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရုံးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ  ဒေသခံပြည်သူ့များအား ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခဲသည်။

ထိုကဲသို့ကုသပေးခဲ့ရာ၌ အထွေထွေရောဂါလူနာ(၁၄၈)ဦး၊ သားဖွားမီးယပ်လူနာ(၃)ဦး၊ ကလေးရောဂါလူနာ(၂၄)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၁၂၉)ဦး၊ မျက်စိလူနာ (၁၂၂)ဦး၊ နား၊ နှာခေါင်းလည်ချောင်းလူနာ (၃၁)ဦး၊ အရေပြားဆိုင်ရာလူနာ (၂၉)ဦး၊ သွားဘက်ဆိုင်ရာလူနာ(၅၄)ဦး တို့ကို ကြည့်ရှုကုသပေးခဲ့ပြီး၊ လူနာ(၂၄)ဦးအား ပြည်သူဆေးရုံကြီး မြောင်းမြမြို့၌ လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ညွှန်းပို့စီစဉ်ခြင်း ဆောင်ရွက်ခဲ့သည်။ မြောင်းမြခရိုင် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခြင်းနှင့် စားသောက်ဖွယ်ရာများ  ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်(ပြန်/ဆက်)