မုံရွာ ဩဂုတ် ၁၈
မုံရွာမြို့ပေါ်အတွင်း လမ်းအသုံးပြုသူပြည်သူများအတွက် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ကန်သာယာ၊ ရာပြည့်ကပ်ကျော်ဘုရားရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)လက်အောက်ရှိ အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကောင်းမြတ်သူ၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဇာနည်အောင် ဦးစီးအဖွဲ့သည် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ကန်သာယာ၊ ရာပြည့်ကပ်ကျော်ဘုရားရှေ့တွင် ဆိုင်ကယ်စီးနင်းသူ (၇၅)ဦး၊ နောက်ထိုင် လိုက်သူ(၂၂)ဦး၊ ပေါင်း(၉၇)ဦး၊ မော်တော်ယာဉ်မောင်းနှင်သူ(၄၅)ဦး၊ နောက်ထိုင်လိုက်ပါသူ (၁၂၈)ဦး၊ ပေါင်း(၁၇၃)ဦး၊ စုစုပေါင်း(၂၇ဝ)ဦးတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင် (၂၇ဝ) စောင်ဖြန့်ဝေခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းမောင်းနှင်သူများအနေဖြင့် သတ်မှတ်ယာဉ်မောင်းလိုင်စင်များနှင့်အညီ စီးနင်းရန်၊ ဆိုင်ကယ်စီးနင်းသူနှင့် နောက်ထိုင်လိုက်ပါသူများ အားလုံးသတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်အသုံးပြုရန်၊ ဆိုင်ကယ်စီးနင်းစဉ် ရှေ့မီး အနိမ့်အား နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ရန်၊ ဆူညံအိပ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းမပြုရန်၊ လိုင်စင်မဲ့ဆိုင်ကယ်များ/ နံပါတ်ပြားမပါသည့် ဆိုင်ကယ်များ စီးနင်းခြင်းမပြုရန်၊ ဘေးတွဲဆိုင်ကယ်များ စီးနင်းအသုံးမပြုကြရန်နှင့် မော်တော်ယာဉ်စီးနင်းမောင်းနှင်သူများအနေဖြင့်လည်း လိုင်စင်၌ ခွင့်ပြုထားသည့် ယာဉ်ကိုသာ မောင်းနှင်ရန်၊ သတ်မှတ်ယာဉ်ကြောမှသာ မောင်းနှင်ရန်၊ မြို့တွင်း/မြို့ပြင် သတ်မှတ်ထားသော အမြန်နှုန်းထက်ပို၍ မမောင်းရန်၊ ယာဉ်မောင်းနှင် နေစဉ်လက်ကိုင်ဖုန်းပြောဆိုခြင်း မပြုရန်၊ ယာဉ်မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများအားလုံး အသက်ကယ် ထိုင်ခုံခါးပါတ် ပါတ်ထားကြရန်၊ မူးယစ်ဆေးဝါး/ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်းမပြုကြရန်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်ပတ်တိတိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အသိပညာပေးခြင်းများကို သတ်မှတ်ထားသော ရက်အတွင်းကျော်လွန်ပါက စည်းကမ်းလိုက်နာမှုမရှိသူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)