မင်းဘူး ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဆောင်ရွက်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ ကျင်းပဆောင်ရွက်သည်။
အခမ်းအနားတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က များမကြာမီအချိန်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကအန္တိမရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်သောကြောင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယခုလို အသိပညာပေး ရှင်းလင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မင်းဘူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထက်ဝေယံထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးမှ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်၍ အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသော မေးမြန်းချက်များအပေါ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)