ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် သြဂုတ် ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် တက္ကသိုလ်စာကြည့်တိုက်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ပါမောက္ခနေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်၊ သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းအရည်အသွေး စစ်ဆေးမှုများ မပြတ်စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တက္ကသိုလ်အုတ်တံတိုင်းခြံစည်းရိုး တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်နယ်မြေ စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေးအတွက် အုတ်တံတိုင်း ခြံစည်းများတစ်လျှောက်တွင် အရိပ်ရပင်များနှင့် ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးပြီး တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)