ပေါက်ခေါင်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ရပ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြော၍ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က “လူငယ်နှင့်စာဖတ်ခြင်း” အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက “လူငယ်နှင့်မူးယစ်ဆေးဝါး” အကြောင်းတို့ကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းနှင့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)