လွိုင်ကော် ဩဂုတ် ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်က လွိုင်ကော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ အခြေခံနှင့်အဆင့်မြင့်ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းသူများ၏ အေရိုးဗစ်သုံးဦးတွဲ လေ့ကျင့်သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)အသင်း၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်အသင်း၊ အ.ထ.က(၁)အသင်း၊ အ.ထ.က(ခွဲ)လောဓမ္မအသင်းနှင့် အ.လ.က(ဒေါတမ)အသင်းတို့၏ ယှဉ်ပြိုင်မှုများကိုလည်းကောင်း၊ Fitness Dance ပြိုင်ပွဲဗိုလ်လုပွဲတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်အသင်း၊ အ.ထ.က(၁)အသင်း၊ အ.လ.က(ဒေါတမ)အသင်း၊ အ.ထ.က(၂)အသင်းနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်မှုများကို သက်ဆိုင်ရာကျောင်းများ၏ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများနှင့် အားကစားဝါသနာရှင်များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် အေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲဝင်အသင်းများအားလုံးက အာရှမြန်မာသီချင်းဖြင့် စုပေါင်းသရုပ်ပြဖျော်ဖြေခဲ့ကြသည်။
ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုရရှိကြသည့်အသင်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲတစ်လျှောက် ပါဝင်ဆောင်ရွက်ပေးသည့် ဒိုင်လူကြီးများနှင့် အေရိုးဗစ်သုံးဦးတွဲ လေ့ကျင့်သရုပ်ပြအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လူမှုရေးရာဝန်ကြီး၊ တတိယဆုရရှိသည့်အသင်းများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဒုတိယဆုရှိသည့်အသင်းများကို ပြည်နယ်တရားသူကြီးချုပ်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် Fitness Dance ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဧည့်ပရိသတ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)