မိုးညို ဩဂုတ် ၁၆
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)သရဖူခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့် အာဟာရအုပ်စုသုံးအုပ်စုအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက ကျောင်းကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနားသို့တက်ရာက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများက ကျောင်းသား၊ ကျောင်းသူများ ခင်ကျင်းပြသထားသည့် အာဟာရအုပ်စုသုံးအုပ်စုတွင်ပါဝင်သည့် အင်အားဖြစ်စေသောအစားအစာ၊ ရောဂါကာကွယ်စေသောအစားအစာနှင့် ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာများအား လှည့်လည်ကြည့်ရှုရာ ကျောင်းသား၊ ကျောင်းသူများက အစားအစာများတွင်ဗီတာမင်ပါဝင်မှုများ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)