လွိုင်ကော်၌ ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကျင်းပ

လွိုင်ကော် ဩဂုတ် ၁၆

လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နေ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်က ထေးသမရပ်ကွက် ချိကယ်ကန္ဒရဝတီကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးရန် ကူညီဆောင်ရွက်ပေးနေမှုနှင့်  ပြည်သူများ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ် မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအား ထေးသမရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါဆော်ဘိကျေးရွာရှိ ပြည်သူ(၂၀၀)ဦးက စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အတွင်း မြို့နယ်နှင့် ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)