မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

တောင်တွင်းကြီး ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်မှ ပန်းချီ ပညာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ၏ ပန်းချီလက်ရာပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဒေသထွက်ကုန်ပစ္စည်းနှင့် ရိုးရာအိုးလုပ်ငန်းပြခန်းများ၊ Mytel ပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည် မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များကို  လှည့်လည်ကြည့်ရှုအားပေးပြီး ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက်ဝိုင်းလှည့်ပြိုင်ပွဲ၊ ဘဲရုပ်စွပ်ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်တွင်းကြီးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင်  မိမိတို့နိုင်ငံအနေဖြင့်  ပညာနှင့်ပတ်သက်ပြီး  လိုအပ်ချက်များရှိနေခြင်းကြောင့်  ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်းရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/စာပေဆိုသည်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများကို အချင်းချင်းလက်ဆင့်ကမ်း မျှဝေကြမည်ဆိုပါက ကောင်းမွန်သည့် လူ့ဘောင်အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Violin group က တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီ/ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား  မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းကလည်းကောင်း၊ အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကလည်းကောင်း ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသားက ပြန်လည်သရုပ်ပြ ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် တောင်တွင်းကြီး UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “‌ရွှေမိုးတွေရွာ” သီးချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ဇီးတော)မှ ကျောင်းသား/ကျောင်းသူလေးများက “ဖန်ခါးမြေမှကြိုဆိုပါ၏” သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(အ.လ.က-၃)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် Game ကစားပြိုင်ပွဲများ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီ/ပိုစတာပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများအပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် စာရေးဆရာမြသန်းတင့် ရေးသားခဲ့သော “ဧကရီဖွားစော” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ်လေ့လာ သင်ယူရေး Talk Show အစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)