ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ် ဘားအံမြို့သည် မိုးရာသီတွင် စိမ်းစိုလှပသော တောတောင် သဘာဝရှုခင်းအလှအပများကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက်ရှိရာ ဩဂုတ် ၁၅ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ဘားအံမြို့၏ တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဝိုင်းခရီးစဉ်ဒေသ၌ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသော အများသုံးသန့်စင်ခန်း(၄)ခန်းတွဲ (၂)လုံးတည်ဆောက်ခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး တောင်ဝိုင်းခရီးစဉ်ဒေသသို့လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်သည်။ ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခွင့်ပြုငွေ ၃၁ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်သော တောင်ဝိုင်းတောင်တက်လမ်းလက်ရန်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ယာဉ်ရပ်နားရန်နေရာနှင့် ဈေးဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံဖြင့် ဆောင်ရွက်သော တောင်ဝိုင်းတောင်ပတ်လမ်း မြေသားလမ်း ၇၈၈၄ပေ အား အမာခံလမ်းဆောင်ရွက်ခြင်း၊ (၆၀)ပေသံကူ ကွန်ကရစ်တံတားတစ်စင်း၊ အမာခံလမ်း ၂၆၇၆ပေနှင့် မြောင်းကူးတံတားငါးစင်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ခရီးစဉ်ဒေသဖြစ်သည့်အတွက် အများပြည်သူစိတ်အေးချမ်းသာစွာသွားလာလည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြာကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုဆုရ စာစီစာကုံးလက်ရာများ၊ အာဟာရဖွံ့ဖြိုးရေးးနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်များလှုပ်ရှားခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရလက်ဆောင်များပေးအပ်ချီးမြှင့်ကာ အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးသူငယ်များအား ကြက်သားဆန်ပြုတ်များ တိုက်ကျွေး ကြပြီး မိခင်နှင့်ကလေးအသင်းဝင်များက အာဟာရပြည့်ဝသည့်စားသောက်မှုပုံစံများ သရု်ပပြချက်ပြုတ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)