မြိတ် ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဩဂုတ်လ (၁၅) ရက် နံနက်ပိုင်းက လူငယ်စကားဝိုင်းကို ကျင်းပသည်။
စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကို မြိတ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြီးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စကားဝိုင်းဆွေးနွေးပွဲ စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် အ.ထ.က (၁) ကျောင်း အထက်တန်းပြဆရာမ ဒေါ်ထားထားပြုံးတို့က Moderator အဖြစ် ဆောင်ရွက်ကြ၍ အထက်တန်း လူရည်ချွန်၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်ကျောင်းသား/ ကျောင်းသူ (၆) ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ခန်းမအတွင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်ပြပွဲကို ပြသပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)