ဘိုကလေးမြို့နယ်တွင် အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘိုကလေး ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်းနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/များနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးများနှင့် မိဘများအင်အား (၁၅၀)ခန့် တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ကိုယ်ဝန်ဆောင်များ၊ ကလေးမိခင်များ အနေဖြင့် မိမိတို့သားသမီးများ ကျန်းမာသန်စွမ်း ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအလို့ငှာ အာဟာရကို အလေး ထား၍ ကလေးငယ်များအား ကျွေးမွေးပြုစုကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းက ယခုလ ဩဂုတ်လအား အာဟာရရက်သတ္တပတ်များဟု သတ်မှတ်ထားရှိပြီး ယခုဒုတိယပတ်သည် (၅)နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်ကြောင်းနှင့် အပတ်စဉ်ဆောင်ရွက်သွားမည့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခြေအနေများ၊ မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်ဦးက ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့သည့် အခြေအနေများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာသန်းသန်းထွေးက အာဟာရတန်ဖိုးများနှင့် ကျန်းမာရေးသီတင်းပတ်လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်း ပြောကြားကြပြီး ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)