ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုများအား စိစစ်ကြပ်မတ်စစ်ဆေး

ငါးသိုင်းချောင်း သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များလျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာ ဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်(၇း၀၀)နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အပတ်စဥ် ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များမသုံးစွဲရေး အသိပညာပေးလုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျ၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများကဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဥ်တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေးအသိပညာပေးနှိုးဆော်ပြီး လိုက်လံစိစစ် ကြပ်မတ်၍ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် အသုံးပြုသူတွေ့ရှိပါက စီမံဒဏ်ကြေးငွေ ပေးဆောင်စေလျက် အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)