မင်းလှမြို့၌ စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်က သဖန်းချောင်းကျေးရွာ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျေးရွာနေပြည်သူများကို စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အထဲမှ အဓိကျသော အကြောင်းအရာများဖြစ်သည့် အတွေးအခေါ် အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်ကိုသွားကြစို့ အသိပညာပေး နံရံကပ်စာစောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ပြသပေးခဲ့ရာ ကျေးရွာနေပြည်သူများအား စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)