သရက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အ.မ.က) ပြည်တော်အေးမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးမှူး(၁) ဦးအောင်ဝင်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးမင်းနိုင်နှင့် ကလေးကျန်းမာရေးအရာရှိ ဒေါ်စန်းစန်းသင်းတို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ပြီး လိုအပ်သည့်ဆေးများပေးခဲ့ကာ တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သွားဆရာဝန်က ကျောင်းသား/ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး သွားနှုတ်ရန်ရှိသည့် ကျောင်းသား ကျောင်းသူများအား သွားများနှုတ်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)