ငွေဆောင် သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ပညာသင်ကြားခဲ့ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် စာမေးပွဲအောင်သော ကျောင်းသား/သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမေသူဝင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့လျှပ်စစ်ဦးစီးဌာန၊ ဦးစီးမှူး ဦးစောထွန်းဦးနှင့် ကျောင်းအကျိုးတော်ဆောင် တစ်ဦးတို့မှ ဂုဏ်ပြုစကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား / သူ( ၁၃ )ဦးအား ကျောင်းအုပ်ဆရာမကြီး၊ ဌာနဆိုင်ရာများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး (၃) ဘာသာဂုဏ်ထူးထွက်သူ မောင်ဗညားခန့်ထွေးအား ဂုဏ်ထူးထွက်သော ဘာသာရပ်(၃) ခုမှ ဆရာ၊ ဆရာမ( ၃ )ဦးမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသား /သူများမှ ကျောင်းအတွက် sound box တစ်လုံး လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။ထို့နောက် အ.ထ.က( ငွေဆောင်)မှ မူလတန်းအဆင့် ကျောင်းသား/ သူလေးများမှ အခမ်းအနားတက်ရောက် လာကြသူများအား ဘယ်ပန်းချီရေးလို့မမှီ၊ လမ်းပြကြယ်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး သင်္ကြန်ယိမ်းအကဖြင့်လည်း ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် (၃)ဘာသာဂုဏ်ထူးရှင် မောင်ဗညားခန့်ထွေးနှင့် ၎င်း၏ဖခင် ဦးမြင့်ထွေးတို့မှ ကျေးဇူးတင်စကားနှင့် ဝမ်းသာဂုဏ်ယူစကား အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် အခမ်းအနားအစီအစဥ် အောင်မြောက်စွာပြီးမြောက်ကြောင်း ကြေငြာကာ အ.ထ.က(ငွေဆောင်) မှ ဆရာ၊ ဆရာမများနှင့် အခမ်းအနားတက်ရောက်လာကြသူများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများမှ နေ့လည်စာဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဆောင်(ပြန်/ဆက်)