သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်း၌ ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က (ခွဲ) တီထွတ်ပြင်ကျောင်း၌ ယမန်နေ့က ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/ အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးက ပြိုင်ပွဲတစ်လျှောက် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသော ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဒိုင်လူကြီးများနှင့် လာရောက်အားပေးကြသော ပရိတ်သတ်များအား ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် အဆိုပါပြိုင်ပွဲအား ကျောင်းသား/သူများအချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေရန်နှင့် လူငယ်ကဏ္ဍတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ပြီးနောက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘော်လုံးပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲတွင် ဗန္ဓုလအသင်းနှင့် အလောင်းဘုရားအသင်း၊ အမျိုးသားဗိုလ်လုပွဲတွင် ဘုရင့်နောင်အသင်းနှင့် ကျန်စစ်သားအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုး၊ မြို့နယ်ဘော်လုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များက တခဲနက်ကြည့်ရှုအားပေးခဲ့ကြရာ အမျိုးသမီးဗိုလ်လုပွဲတွင် ဗန္ဓုလအသင်းက ၄ ဂိုး ၀ ဂိုးဖြင့်လည်ကောင်း၊ အမျိုးသားဗိုလ်လုပွဲတွင် ဘုရင့်နောင်အသင်းက ၁ဂိုး ၀ဂိုးဖြင့် အသီးသီးအနိုင်ရဗိုလ်စွဲခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဖူဆယ် ဘောလုံးပြိုင်ပွဲ အမျိုးသား/ အမျိုးသမီးနေရာအလိုက် အကောင်းဆုံးကစားသမားဆု၊ ပြိုင်ပွဲတစ်လျှောက် သန့်ရှင်းဆုံးကစားသမားဆု၊ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဒုတိယရရှိသော အလောင်းဘုရားအသင်းနှင့် ပထမဆုရရှိကြသော ဗန္ဓုလအသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ၊ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဒုတိယရရှိသော ကျန်စစ်သားအသင်းနှင့် ပထမဆုရရှိကြသော ဘုရင့်နောင်အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို တာဝန်ရှိသူများက  ဆုချီးမြှင့်ပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)