အောင်လံ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဌေးဌေးဝင်းက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအနေဖြင့် ဩဂုတ်လပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေးရက်သတ္တပါတ်၊ ဒုတိယပတ်တွင် (၅)နှစ်အောက် ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပါတ် စသည်ဖြင့် ခွဲခြားသတ်မှတ်၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ် ကျန်းမာရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် နို့တိုက်မိခင်များ လိုက်နာပြုမူရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များက ကျန်းမာရေးဦးစီးဌာနက ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု ခဲ့ပြီး၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအား အာဟာရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)