မင်းဘူးမြို့၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မင်းဘူး ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဆောင်ရွက်သည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးစိုးထွဋ်ဦးက များမကြာမီ အချိန်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကအန္တိမ ရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)ကို ကိုင်တွယ်အသုံးပြု၍ဆောင်ရွက်မည်ဖြစ်သောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယခုလို အသိပညာပေးရှင်းလင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ချောစုရည်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံးမှ ဝန်ထမ်းများက မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)အား လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်၍ အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသောမေးမြန်းချက်များအပေါ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)