နတ်မောက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးတောင်သူများသည် စပါးကို နွေသီး၊ မိုးသီးဟူ၍ ရာသီဥတုနှင့်ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးကြရာ မတ်လမှစတင်၍ စိုက်ပျိုးခဲ့သည့် နွေစပါးများအားလုံး ရိတ်သိမ်းပြီး၍ မိုးစပါးစိုက်ပျိုးရန် လယ်ထွန်စက်များဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါး (၂၀၈၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးထားရှိသည့် နွေစပါးများကို ဇွန်လမှ စတင်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၀၈)တင်းရရှိခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထူးအထွက်ကောင်းမျိုးကွဲများဖြစ်သည့် အောင်နိုင်တိုး၊ ဆာဖိုးသာမျိုးကွဲများ ပြောင်းလဲစိုက်ပျိုးနိုင်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းပိုမိုရရှိခဲ့ကြောင်းနှင့် ယခုအခါတွင် နွေစပါးများရိတ်သိမ်းပြီး၍ လယ်ထွန်စက်များဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး မြေပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စပါးကိုအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံသည်များကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောကြားခဲ့သည်။
မူမူစန်း