မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မင်းဘူး ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသားလူငယ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျောင်းအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အခြေခံပညာအဆင့် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုဖွဲ့ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်လုပွဲသို့တက်ရောက်မည့် အလောင်းဘုရားအသင်းနှင့် အနော်ရထာအသင်းက ကွင်းအတွင်းနေရာယူပြီး ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဆုများပေးအပ်ချီးမြှင့်ရာ ပထမဆုရရှိသည့် အနော်ရထာအသင်းအား တစ်ဦးချင်း ရွှေဆွဲပြားဆုနှင့် တံခွန်စိုက်ဆုဖလားကို ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်နှင့် ဒုတိယရရှိသည့် အလောင်းဘုရားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ရွှေဆွဲပြားများကို ဆရာမကြီး ဒေါ်ခင်မြအေးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)