မန္တလေး၊ ဒီဇင်ဘာလ ၁၉
မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း Fever Clinic ၄ ခုမြောက်အား မဟာအောင်မြေ မြို့နယ် ၄၁လမ်း လက်သမားရပ်တွင်ဓမ္မာရုံဝင်းအတွင်း ဒီဇင်ဘာလ ၁၈ရက်၊ ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်က မဟာအောင်မြေမြို့နယ် Fever Clinicအတွင်း ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ပြီး Fever Clinic အဆောက်အဦးကုန်ကျစရိတ်များ လှူဒါန်းခဲ့သော မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ ယင်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ကိုသက်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က Fever Clinic အတွက် အဲယားကွန်း လှူဒါန်းခဲ့သော မန္တလေး လေအေးစက်နှင့် ဆက်စပ်သော စက်မှုနည်းပညာရှင်းများအသင်းကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ ယင်းအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က လက်ခံရယူခဲ့သည်။
" အခုဆေးခန်းသစ်ကတော့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု ဒုတိယ လှိုင်းမှာလေးခုမြောက်ဆေးခန်းဖြစ်ပါတယ်၊ ဒီဆေးခန်းရဲ့ထူးခြားချက်ကတော့ တခြား Fever Clinic တွေ ချမ်းမြသာစည်မြို့နယ်ရယ် အောင်မြေသာစံရယ်ဆိုရင် မနက် ၉နာရီကနေ ၁၁နာရီပေါ့။ ချမ်းအေးသာစံမှာဆိုရင် ၂နာရီကနေ ၄နာရီဖြစ်ပါတယ်။ ဒါပေမယ့် ဒှမှာတော့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေရဲ့ ဆန္ဒအရ ဆေးခန်းဖွင့်ချိန်ကို နေ့တိုင်း နှစ်ကြိမ်ဖွင့်ပေးသွားမှာပါ။ မနက် ၉ နာရီကနေ ၁၁ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ တစ်ကြိမ် ပိတ်ရက်မရှိ ဖွင့်သွားမှာ ဖြစ်ပါတယ်။ " ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) COVID-19 Response Team ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်ကပြောသည်။
အဆိုပါ ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် ဌာနဆိုင်ဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ဖတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
" အရင်က ကိုဗစ်နဲ့ပတ်သက်ပြီး သံသယဖြစ်တဲ့သူတွေ၊ သံသယလက္ခဏာပြတာ အနံ့ပျောက်တာ၊ အသက်ရှူကြပ်တာတို့ စသဖြင်ပေါ့ အဲလိုတွေဖြစ်ရင် ဆေးရုံကြီးက Fever Clinicကိုဘဲ ပို့နေရတာလေ။ အခုလို ကျွန်တော်တို့မြို့နယ်အတွက် Fever Clinic ဖွင့်လိုက်တဲ့အတွက် သံသယလက္ခဏာရှိတဲ့သူတွေ မြို့နယ်အတွင်း နီးနီးနားနားမှာဘဲ ပြသခွင့်ရမှာဖြစ်တဲ့အတွက် အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ကိုယ်တိုင်လည်း အဆောက်အဦးကုန်ကျစရိတ်တွေ အားလုံးကို အကုန်ကျခံပြီးတော့မှ ကျွန်တော်တို့ ကိုယ်တိုင် ဆရာဝန်ကြီးများအသင်းကို ကမ်းလှမ်းထားတာပါ။ " ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ကိုသက်ကြီးက ပြောသည်။
ယင်း Fever Clinic ဆေးခန်းကို မနက်၉နာရီမှ ၁၁နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ တစ်ကြိမ် ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဆေးခန်းတွင် စေတနာ့ဆရာဝန် ၄ဦး၊ စေတနာ့ဝန်ထမ်းသူနာပြု ဆရာမ ၂ဦး၊ အခြားVolunteer ၂ဦးထားရှိမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း (Fever Clinic) များကို ချမ်းမြသာစည် မြို့နယ်၊ ၁၀၇လမ်း၊ ၅၅လမ်းနှင့်၅၆လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်တုံးကျန်းမာရေးဌာနခွဲ တွင် ဖျားနာကုသရေးဆေးခန်း၊ အောင်မြေသာစံမြို့တွင် ၁၂လမ်း၊ ၇၅လမ်းနှင့် ၇၆လမ်းကြားရှိ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပိတ်ရက်မရှိ မနက် ၉နာရီ မှ ၁၁နာရီ အထိ ဖွင့်လှစ်ထားကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း(မန္တလေး) ဝင်းအတွင်းရှိ ဖျားနာကုသရေးဆေးခန်းကို မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်းသိရသည်။ ထိပ်ထားနိုင်
ထိပ်ထားနိုင်