ညောင်တုန်း ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့မှ စတင်၍ သတ်မှတ်စည်းကမ်းများနှင့် (A)အဆင့်ကိုက်ညီသောဆိုင်များကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခွင့်ပြုပေးခဲ့သည်။
ထိုသို့ ဆိုင်ထိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပြီး ရောင်းချသူများ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်များ ထားရှိခြင်း ရှိ/မရှိ၊ ချက်ပြုတ်ရောင်းချနေသော အခန်းများအား သန့်ရှင်းစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ချယ်ရီအောင် လက်ဖက်ရည်ဆိုင်၊ ပန်းရနံ လက်ဖက်ရည်ဆိုင်၊ ရွှေမိတ်သစ် လက်ဖက်ရည်ဆိုင်၊ ခရေဦး လက်ဖက်ရည်ဆိုင်၊ မြတ်စည်သူ လက်ဖက်ရည်ဆိုင် နှင့်ရွှေဧည့်သည် စားသောက်ဆိုင်၊ ကောင်းကင်ဘုံ စားသောက်ဆိုင်၊ (Jungle House) စားသောက်ဆိုင်၊ မိုးပြည့်စုံစားသောက်ဆိုင်၊ အောင်ပွဲတော် စားသောက်ဆိုင်တို့အား ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ သတ်မှတ်စည်းကမ်းများနှင့် (A) အဆင့်ကိုက်ညီသဖြင့် ဆိုင်ထိုင်စားသောက်ခြင်းအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ လိုက်နာမှုများ မရှိပါက အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိဆိုင်များကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားမှုနှင့် ကိုက်ညီခွင့်ပြုမိန့်များရပါက ဆိုင်ထိုင် ဖွင့်လှစ်ရောင်းချခွင့်များအား ဆက်လက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ သိရသည်၊၊
ဝဠာနိုင် (ညောင်တုန်း)