အုတ်တွင်း သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်၍ ဩဂုတ် ၁၂ ရက် နံနက် (၁၀)နာရီအချိန်က အ.မ.က(မူလွန်)ကြို့ကုန်းကျောင်း၊ မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်) ဘုရားကြီးကုန်းကျောင်းနှင့် မွန်းလွဲ(၂)နာရီခွဲအချိန်က တောင်ဝင်းကုန်းကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သော အစားအစာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)