ကြို့ပင်ကောက် ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲအခမ်းအနားကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးသန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးက ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်များ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရခြင်းအကြာင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးကူးစက်တာဝန်ခံဆရာဝန် ဒေါက်တာ မေဇော်က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရခြင်း ကူးစက်ခြင်း ရောဂါလက္ခဏာများနှင့် ကာကွယ်ခြင်းအကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့် ကာကွယ်ရမည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ်အမေးအဖြေအစီအစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် အသိပညာပေးဟောပြာခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များရောင်းချခြင်းရှိမရှိ စစ်ဆေးပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချကြသော ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း