ရွှေကျင် ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးအောင်ဘိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုအောင်က အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ လိမ်လည်နည်းများကြောင်း၊ လိမ်လည်မှုမခံရအောင်ဆောင်ရန်/ရှောင်ရန်အကြောင်းများ၊ အွန်လိုင်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ဟောပြောပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့်ဒေါ်မို့မို့သွင် ရုပ်သံကျွမ်းကျင်-၃တို့က ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွါးစေမည့် နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/ကော်မတီမှထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များအားဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)