ကျိုက်လတ်မြို့နယ်၌ လူငယ်များဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်းခွဲ (သာယာဝဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်လတ် ဩဂုတ် ၁၃

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ကျိုက်လတ်မြို့နယ်၊ သာယာဝဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ) (သာယာဝဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-11 မှ မောင်ဇင်ကိုကိုထက် လူငယ်နှင့်ကိုယ်ကျင့်တရား၊ မသက်မှူးအောင်ဆန်းက လူငယ်နှင့် အားကစား၊ Grade-10 မှ နော်‌အေးပွင့်ဖူးက လူငယ်နှင့်စာပေ၊ မဝတ်ရည်ကျော်က လူငယ်နှင့်မူးယစ်ဆေး၊ မောင်ဆိုင်းစိုင်းနောင်က လူငယ်နှင့်စည်းကမ်းစသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ထို့နောက်အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အ.ထ.က (ခွဲ) (သာယာဝဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းဇော်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်