ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

ပွင့်ဖြူ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ယမန်နေ့က လက်ခုပ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးပပက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို  ဆွေးနွေးဟောပြောသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများကို မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေခြင်းနှင့် ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )