မင်းဘူး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ သွားရောက် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အမှတ်(၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဇော်လင်းသန့်နှင့် ဒုရဲအုပ် ဝေလင်းနိုင်တို့ ဦးဆောင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာရာတွင် ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်း လမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ် မောင်းနှင်သူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများလိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
မင်းဘူးခရိုင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကျန်ရှိနေသော အခြေခံပညာကျောင်းများသို့ သွားရောက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)